ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း Physical Exam

ရှေးဦးသူနာပြုစုခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများအတွက်

အသက်၁၈-၂၀ခန့် မိန်းကလေးသည် ကျွန်ုပ်တို့ သူမ၏ ရင်ဘတ်နှင့် နံရိုးများကို စမ်းသပ်ရာတွင် မျက်ရည်ကို ပြန်လည် ချုပ်တည်းထားသည်။ သူမ သည် နာကျင်မှုကို ခံစားရင်း အံကြိတ်ကာ အသက်ကို ကြိုးစား ရှူနေသည်။ သူမ၏ ဒဏ်ရာများကို ကျွန်ုပ်တို့၏ လက်ဖြင့် စမ်းသပ်ရှာဖွေသည့်အခါ လေးစားစွာဖြင့် စမ်းသပ်ခွင့်တောင်းရန်လိုအပ်ပေသည်။ထိုသို့စမ်းသပ်ရာတွင် "လူနာ နာသလား?"။ အရိုးကျိုးနေသောခံစားချက်မျိုး လက်တွင်စမ်းမိသလား?။ ကျွန်ုပ်တို့၏ လက်ချောင်းထိပ်များတွင် သွေးစများ ရှိနေသလား။ သူမ၏ အသက်ကို ကယ်တင်နိုင်မည့် တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိပြီလား။ လူနာ၏ ခန္ဓာကိုယ်ကို သင့်လျော်စွာ စမ်းသပ်ကြည့်ရှုခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုသည် ကျွန်ုပ်တို့ မသိရှိခဲ့သည့် အသက်ကယ်နိုင်သော အချက်များကို တွေ့ရှိနိုင်ပါသည်။

လူနာ၏ အခြေအနေကို အကဲဖြတ်ရာတွင် အခြားသော စမ်းသပ်မှုများသည် ပုံမှန်မဟုတ်သောအရာများကို ရှာဖွေသကဲ့သို့ပင်၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုသည်လည်း ပုံမှန်မဟုတ်သော လက္ခဏာများကို စစ်ဆေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လူနာ၏ကုသမှုနှင့် သယ်ဆောင်ရေးကို မနှောင့်နှေးစေလိုသော်လည်း၊ အရေးကြီးသော အသေးစိတ်အချက်အလက်များကိုလည်း မလွတ်သွားချင်ပါ။ ကျွမ်းကျင်သော အရေးပေါ်တုံ့ပြန်ရေးသမားများသည် မြန်ဆန်စွာနှင့် စေ့စပ်စွာ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများကို ဆောင်ရွက်ပေးကြသည်။

ဘာကိုရှာဖွေမလဲ

ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွင် အဓိကအားဖြင့် လက်များနှင့် လက်ချောင်းများကို အသုံးပြု၍ လူနာတွင် ပုံမှန်မဟုတ်သော လက္ခဏာများကို စမ်းသပ်စစ်ဆေးပါသည်။ ပုံမှန်မဟုတ်သော အရောင်နှင့် ပုံသဏ္ဍာန်များကိုလည်း မျက်မြင်အားဖြင့် စစ်ဆေးကြည့်ရှုပါသည်။ အနံ့နှင့် အသံကဲ့သို့သော အခြားအာရုံများကိုလည်း ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွင် တစ်ခါတစ်ရံအသုံးပြုရနိုင်ပါသည်။ ပြဿနာများနှင့် ဒဏ်ရာများကို မျက်မြင်စစ်ဆေးရန် လူနာ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖော်ထားရန် လိုအပ်နိုင်သော်လည်း၊ စမ်းသပ်မှုပြီးဆုံးပါက လူနာကို ပြန်လည် လုံခြုံအောင် ဖုံးအုပ်ပေးရန် မမေ့ပါနှင့်။

ကျွန်ုပ်တို့ ဘာကို စစ်ဆေးကြမလဲ။

DCAP-BTLS Acryonm

DCAP-BTLS အတိုကောက်သည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား မတူညီသော ပုံမှန်မဟုတ်မှုများကို မှတ်မိစေပါသည် (အချို့သောအဖွဲ့အစည်းများသည် DCAP-BTLS-IC အတိုကောက်ကို အသုံးပြုကြပါသည်)။

DCAP-BTLS-IC Acryonm

D - Deformities (ပုံသဏ္ဍာန်ပျက်ယွင်းမှုများ) - သဘာဝမကျသော ပုံသဏ္ဍာန်များ သို့မဟုတ် ဖောင်းကြွနေသော အစိတ်အပိုင်းများကို ရှာဖွေကြည့်ရှုပါ။ တစ်စုံတစ်ရာသည် ပုံမှန်မဟုတ်ဟုထင်ပါက၊ (ဥပမာ - ဘယ်ပုခုံးနှင့် ညာပုခုံးကို တစ်ပြိုင်နက်စမ်းသပ်စစ်ဆေးခြင်း) ဆန့်ကျင်ဘက်အခြမ်းနှင့် နှိုင်းယှဉ်ကာ ၎င်း၏ ပုံမှန်မဟုတ်မှုကို အတည်ပြုနိုင်ပါသည်။

Deformed right ankle

C - Contusions (သွေးခြည်ဥများ) - (Crepitus အတွက် အောက်တွင်ကြည့်ပါ) ဆိုသည်မှာ သွေးခြည်ဥခြင်းအတွက် အခြားပုံစံအခေါ်အဝေါ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အနက်၊ အပြာ၊ ခရမ်းရောင် သို့မဟုတ် သွေးခြည်ဥကြောင်းပြသနေသည့် အခြားအရောင်များ ရှိ/မရှိ ကြည့်ရှုရမည်။

left arm with a bruise

A - Abrasions (အရေပြားပွတ်တိုက်ဒဏ်ရာများ) - လူနာတွင် အရေပြားတွန့်ခြင်း (သို့) တွန့်ပြန့်ဒဏ်ရာများ ရှိပါသလား။ ပြည်တည်နာများ မဖြစ်စေရန် ဤဒဏ်ရာများကို သန့်စင်ပေးရန် မမေ့ပါနှင့်။

right knee with abrasions

P - Punctures (ထိုးဖောက်ဒဏ်ရာများ) - လူနာ၏ ခန္ဓာကိုယ်ထဲသို့ အဘယ်အရာဝတ္ထုများ စိုက်ဝင်နေသနည်း။ လူနာထံမှ မည်သည့်အရာဝတ္ထုများ ထွက်နေသနည်း။ သစ်စေးစူး၊ ငါးမျှားချိတ်နှင့် အင်းဆက်တို့၏ အဆိပ်တက်များကို ဖယ်ရှားရန် ဦးစွာဆေးကြောသန့်စင်ရန်လိုအပ်ပါသည်။ အရွယ်အစားကြီးမားသော အရာဝတ္ထုများအတွက်မူ ခွဲစိတ်ဆရာဝန်က သွေးလွှတ်ကြောများကို မထိခိုက်စေဘဲ ဘေးကင်းစွာ ဖယ်ရှားနိုင်ရန် ထိုအရာဝတ္ထုကို ပတ်တီးစည်းနည်းဖြင့် ထိန်းထားရမည်။

Trauma patient punctured with three pieces of rebar

B - Bleeding (သွေးထွက်ခြင်း) နှင့် Burns (မီးလောင်ဒဏ်ရာများ) - ကျွန်ုပ်တို့၏ လက်များဖြင့် စမ်းသပ်ရာတွင် လက်အိတ်ပေါ်သို့ သွေးများ စွတ်ထိနေသလား ဆိုတာ ကြည့်ရှုစစ်ဆေးရမည်။ မီးလောင်ဒဏ်ရာများအတွက်မူ လောင်ကျွမ်းသောအနံ့ကို ရှူရှိုက်မိသလား စစ်ဆေးရမည်။

Bleeding from the head
3rd Degree Burn to a Right Foot

T - Tenderness (နာကျင်တင်းရောင်ခြင်း) - "ဒါ နာလား?" ဟူသော မေးခွန်းကို ဒဏ်ရာနေရာများကို ရှာဖွေရန် လက်ချောင်းများဖြင့် ညင်သာစွာ ဖိကြည့်ရင်း လူနာကို ထပ်ကာထပ်ကာ မေးရပါမည်။ လူနာကို ကူညီရန် ထိတွေ့ရမှာကို ကြောက်ရွံ့ခြင်းကို ကျွန်ုပ်တို့ ကျော်လွှားရမည်။

Patient with a knee tender to touch

L - Lacerations (အရေပြားစုတ်ပြဲဒဏ်ရာများ) - မျက်နှာပြင်ကို စုတ်ပြဲသွားခြင်း (သို့) ဖြတ်မိခြင်းကို ဆိုလိုသည့် နောက်ထပ်ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတစ်ခုဖြစ်သည်။ စုတ်ပြဲဒဏ်ရာများသည် ရိုးရိုးသွေးကြောမျှင်များမှ သွေးထွက်ခြင်း၊ သွေးပြန်ကြောမှ သွေးထွက်ခြင်း (သို့) သွေးလွှတ်ကြောမှ သွေးထွက်ခြင်း ဖြစ်နိုင်သည်။

laceration to the back of a right hand

S - Swelling (ရောင်ရမ်းခြင်း) - ခန္ဓာကိုယ်အစိတ်အပိုင်းသည် ပုံမှန်ထက် ပိုကြီးနေသလို ထင်ရပါသလား။ အကယ်၍ ရှိနေပါက ဖြစ်နိုင်ခြေရှိသော ရောင်ရမ်းမှုကို ဆန့်ကျင်ဘက်အခြမ်းနှင့် နှိုင်းယှဉ်ကြည့်ပါ။ ဥပမာ - ညာဘက်ဒူးသည် ဘယ်ဘက်ဒူးထက် ပိုကြီးနေသလား။

Swollen right arm

(တစ်ချို့အရင်းအမြစ်များက အတိုကောက်စကားလုံးကို I နှင့် C ထပ်မံဖြည့်စွက်ထားသည်)

I - Instability (မတည်ငြိမ်မှု) - ခြေလက်အင်္ဂါ သို့မဟုတ် ထိခိုက်ထားသော နေရာသည် ၎င်းမှာရှိသင့်သည့် အားအင်၊ ဆုပ်ကိုင်အား၊ အရိုးအထောက်အပံ့၊ အဆစ်အားနှင့် လှုပ်ရှားနိုင်မှု ရှိပါသလား။ ဤအချက်သည် လူနာ၏ အထောက်အကူမပါဘဲ မိမိဘာသာရပ်နိုင်စွမ်းကိုလည်း ရည်ညွှန်းသည်။ လေဖြတ်နိုင်ခြေရှိသော လူနာများအတွက် လူနာထိုင်နေစဉ် လက်မောင်းများနှင့် ခြေထောက်များရှိ ကြွက်သားအားကို စစ်ဆေးရပါမည်။

Patient Unstable on Their Feet

C - Crepitus (အရိုးကျိုးသံ/အဆစ်ချော်သံ) - အရိုးကျိုးပြီး တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေသည့်အခါ ကြားရနိုင်သော ကြိတ်ကြိတ်ပဲ့ပဲ့ ချောဆီမရှိသော အသံ (သို့) ခံစားရသော အရာဖြစ်သည်။

လူနာတွင် ပြဿနာတစ်ခုခုရှိသည်ကို ကျွန်ုပ်တို့ သတိထားမိပါက ဤစကားလုံးတိုင်းကို အမြဲတမ်းအလွတ်ကျက်ထားရန် မလိုအပ်ပါ။ ဝေါဟာရအခေါ်အဝေါ်များကို သိရှိခြင်းထက် လူနာကို သင့်တော်စွာ ဂရုစိုက်ခြင်းက ပိုမိုအရေးကြီးပါသည်။

ဘယ်လိုစစ်ဆေးမလဲ 👁 👁

ကျွန်ုပ်တို့သည် လူနာအား အရေးကြီးသော နေရာများမှ စတင်စစ်ဆေးပြီး၊ ပိုမိုဝေးကွာပြီး အန္တရာယ်နည်းသော နေရာများဆီသို့ တဖြည်းဖြည်း ဆက်လက်စစ်ဆေးသွားရမည်။ အဓိကအရေးကြီးသော နေရာများမှာ ခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့ ဖြစ်သည်။ လူနာအသက်ရှင်ရန် ဦးနှောက်၊ အသက်ရှူလမ်းကြောင်း၊ နှလုံးနှင့် အဆုတ်တို့ လိုအပ်ပါသည်။

ဆောင်းပါးအစတွင် ဖော်ပြခဲ့သော ဒဏ်ရာရအမျိုးသမီးလေးဆီသို့ ပြန်သွားကြည့်ရအောင်။ လူနာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လက်များဖြင့် ပွတ်သပ်ကာ အဝတ်အစားများကို ချွတ်ပစ်သည်မှာ မသင့်တော်ဟုထင်ရသော်လည်း၊ ယုံကြည်မှုရှိရှိနှင့် ယဉ်ကျေးစွာ ဆောင်ရွက်နိုင်သော နည်းလမ်းရှိပါသည်။ မစမ်းသပ်မီ လူနာကို သင်ဘာလုပ်တော့မည်ကို ရှင်းပြပါ။ စစ်ဆေးရမည်ဖြစ်ကြောင်း ကြိုတင်တောင်းပန်ပြီး ပြဿနာရှာဖွေရန် လိုအပ်ကြောင်း ပြောပြပါ။ ထိတွေ့စမ်းသပ်ရင်း "ဒါ နာလား" ဟု မေးနေပါ။

ယုံကြည်မှုရှိပါ၊ လေးစားမှုထားပါ

အခြေခံအကဲဖြတ်ခြင်း (Primary Assessment) တွင် အသက်အန္တရာယ်ဖြစ်စေနိုင်သော အရေးပေါ်ပြဿနာများကို ပထမဆုံးရှာဖွေကုသရပါသည် (အသက်ရှူလမ်းကြောင်း၊ အသက်ရှူခြင်းနှင့် သွေးလှည့်ပတ်မှု)။ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှု (Physical Exam) ဖြင့်မူ ကျွန်ုပ်တို့တွေ့ရှိသမျှဒဏ်ရာများကို စနစ်တကျ ဂရုစိုက်ကုသပေးပါသည် (တစ်ခါတစ်ရံတွင် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုကို ဒုတိယအဆင့်အကဲဖြတ်ခြင်း - Secondary Assessment - ဟုခေါ်ဆိုပါသည်)။

အစတွင်ဖော်ပြခဲ့သော အမျိုးသမီးလေးအခြေအနေတွင်၊ ရင်ဘတ်၊ မျက်နှာ၊ ဝမ်းဗိုက်၊ တင်ပါးစသည့် ပုဂ္ဂလိကနယ်ပယ်အဖြစ် သတ်မှတ်ထားသည့် အစိတ်အပိုင်းများကို စမ်းသပ်ရှာဖွေရာတွင်၊ ထိတွေ့ခြင်း သို့မဟုတ် ဖော်ထုတ်ကြည့်ရှုရန် လိုအပ်ပါက လေးစားစွာဖြင့် ရှင်းပြခြင်း၊ အသိပေးခြင်းများ ပြုလုပ်ရပါမည်။ စမ်းသပ်နေစဉ် လူနာကို လုပ်ငန်းစဉ်ထဲသို့ ပါဝင်စေကာ ဆက်သွယ်ပြောဆိုရပါမည်-

ကျွန်ုပ်တို့သည် စုတ်ပြဲဒဏ်ရာတစ်ခုကို တွေ့ရှိပါက ပတ်တီးစည်းပေးပါမည်။ အရိုးကျိုးသည်ကို တွေ့ရှိပါက တည့်မတ်အောင်ပြုလုပ်ပေးရမည်။ သူမ၏ဒဏ်ရာများကို ဂရုစိုက်ကုသပြီးနောက်၊ သူမအား စောင် သို့မဟုတ် အင်္ကျီစွပ်ဖြင့် လုံခြုံစွာ ဖုံးအုပ်ပေးရပါမည်။ သို့ရာတွင် လိုအပ်ပါက ပတ်တီးများ၊ သပ်မတ်ရန်ကိရိယာများနှင့် အခြားကုသမှုများကို ချက်ချင်းလက်လှမ်းမီနိုင်ရန် စနစ်တကျ ချန်ထားရပါမည်။ကိုယ်နွေးထွေးမှုရှိအောင်ထားခြင်းသည် သွေးလန့်ခြင်းလက္ခဏာကို ကုသရာတွင် အထောက်အကူပြုပြီး၊ စိုးရိမ်ထိတ်လန့်နေသော ဒဏ်ရာရလူနာအတွက် ဂရုစိုက်မှုနှင့် နှစ်သိမ့်မှုသည် အလွန်အရေးပါပါသည်။

ကျွန်ုပ်တို့သည် ဒဏ်ရာတစ်ခုကိုမျှ မကျန်စေရန်၊ ကျွမ်းကျင်စွာဖြင့် အကောင်းဆုံးစောင့်ရှောက်မှုကို ပေးရန်လိုပါသည်။ ထို့အပြင် စည်းမျဉ်းကို လိုက်နာကာ၊ ကျွန်ုပ်တို့ကိုယ်တိုင် အလားတူအခြေအနေတွင် ရှိခဲ့လျှင် လိုအပ်သော စောင့်ရှောက်မှုပုံစံအတိုင်း ထိုအမျိုးသမီးလေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုပါသည်။

ကိုယ်ခန္ဓာတစ်ခုလုံး စစ်ဆေးခြင်းနှင့် အာရုံစိုက်စစ်ဆေးခြင်း ကွာခြားချက်

ဆေးဘက်ဆိုင်ရာလူနာများနှင့် ထိခိုက်ဒဏ်ရာရလူနာများကြားက ကွာခြားချက်ကို ကျွန်ုပ်တို့ ထောက်ပြသင့်ပါသည်။ဆေးဘက်ဆိုင်ရာလူနာများတွင်၊ ကျွန်ုပ်တို့သည် လူနာ၏ ရောဂါရာဇဝင်ကို ဦးစွာစုဆောင်းပြီးမှ၊ ထိုရာဇဝင်မှတစ်ဆင့် ရရှိသော အချက်အလက်များကိ် လမ်းညွှန်အဖြစ်အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှု ပြုလုပ်ပါသည်။ ပုံမှန်အားဖြင့်၊ ဆေးဘက်ဆိုင်ရာလူနာတစ်ဦး၏ ရောဂါရာဇဝင်သည် ကျွန်ုပ်တို့အား ခန္ဓာကိုယ်၏ တိကျသောနေရာတစ်ခုကို စစ်ဆေးရန် (အာရုံစိုက်စစ်ဆေးမှု) ညွှန်ပြပါသည်။ အာရုံစိုက်စစ်ဆေးမှုသည် ယေဘုယျအားဖြင့် ပြဿနာရှိသော နေရာကိုသာ စစ်ဆေးရန် လိုအပ်ပြီး၊ ဥပမာ - ဗိုက်အောင့်သည့်လူနာ၏ ဝမ်းဗိုက်ကို စစ်ဆေးခြင်း ကဲ့သို့ဖြစ်သည်။

ထိခိုက်ဒဏ်ရာရလူနာများတွင်မူ၊ ကျွန်ုပ်တို့သည် ဒဏ်ရာများကို ရှာဖွေခြင်းဖြင့် စတင်လေ့ရှိပြီး၊ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှု ပြုလုပ်နေစဉ် သို့မဟုတ် ပြီးနောက်တွင် လူနာ၏ ရောဂါရာဇဝင်ကို ထပ်မံ၍ နားလည်သဘောပေါက်အောင် ဆောင်ရွက်ပါသည်။ သိပ်မပြင်းထန်သော ထိခိုက်မှုများ (ကစားကွင်းတွင် ဒူးခွဲဒဏ်ရာရသည့် ကလေးကဲ့သို့) အတွက် အာရုံစိုက်စစ်ဆေးမှုသာ လိုအပ်သော်လည်း၊ ပြင်းထန်သော ထိခိုက်မှုများတွင်မူ ခန္ဓာကိုယ်တစ်ခုလုံးကို ခေါင်းမှ ခြေဖျားအထိ ပြည့်ပြည့်စုံစုံ စစ်ဆေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အဒရီနလင်း ဟော်မုန်း သို့မဟုတ် အခြားနေရာမှ နာကျင်မှုကြောင့် ဒဏ်ရာအချို့ကို လူနာကိုယ်တိုင် မသိရှိနိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် အာရုံစိုက်စစ်ဆေးမှုကို ပြုလုပ်သည်ဖြစ်စေ၊ ကိုယ်ခန္ဓာတစ်ခုလုံး စစ်ဆေးမှုကို ပြုလုပ်သည်ဖြစ်စေ၊ လူနာများကို စစ်ဆေးရာတွင် "ရွှေစည်းမျဉ်း" ကို လိုက်နာရပါမည်။ ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့်ကို လူနာထက်သာလွန်အောင် ပြုမူခြင်းထက်၊ သူတို့၏ ဒုက္ခအချိန်အခါတွင် ကရုဏာသက်ဝင်သော စောင့်ရှောက်မှုကို ပေးဆောင်ပြီး သူတို့ရဲ့ ဇာတ်လိုက်ကောင်းတစ်ဦးဖြစ်အောင် ပြုမူရန်လိုအပ်ပါသည်။


ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K. Mink တို့ကိုကျေးဇူးတင်ပါသည်။ ဤစာစဉ်နှင့်အတူ လူထုအကျိူးပြုဝန်ထမ်းများအတွက် သင်တန်းဖြစ်မြောက်ရေးကိုဆောင်ရွက်ပေးသော သစ်ရိပ်ဖောင်ဒေးရှင်း ၊ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။ ဓာတ်ပုံရိုက်ကူးရာတွင် ကူညီပေးသော Jed၊ ဇော် ကယ်ဆယ်ရေးအသင်း၊ ပီတကန် ကယ်ဆယ်ရေး- မဲဆောက် ၊ ဒေါက်တာကေ နှင့် Tang တို့ကို ကျေးဇူးတင်ရှိပါတယ်

ကိုးကား

Limmer, D. O. (2007). Emergency Care 10th Ed. Upper Saddle River, New Jersey: Pearson Education Inc.

McEvoy, D., and Harper, T. (2024). Wilderness Medicine, 15th ed. . Missoula, Montana: Aerie Backcountry Medicine.

McNamara, E. C. (2020). Outdoor Emergency Care: A Patroller’s Guide to Medical Care (6th Edition). Burlington, MA: Jones and Bartlett Learning.