သွေးတွင်းအောက်စီဂျင်တိုင်းတာစက် ဆိုသည်မှာ သွေးနီဥများ၏ အောက်ဆီဂျင်ပြည့်ဝမှု ရာခိုင်နှုန်း (သို့မဟုတ်) ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ပေးသော ခန့်မှန်းခြေ အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်း ဖြစ်သည်။ ဤသို့တိုင်းတာရန်အတွက် Pulse oximeter ဟုခေါ်သော အထူးကိရိယာများကို အသုံးပြုကြပြီး၊ ၎င်းသည် ခန္ဓာကိုယ်အစိတ်အပိုင်း (များသောအားဖြင့် လက်ချောင်း) တစ်ခုကို ဖြတ်သန်း၍ အလင်းတန်းပစ်လွှတ်ကာ အနီအောက်ရောင်ခြည် မည်မျှစုပ်ယူသွားသည်ကို တိုင်းတာပေးသည်။ အောက်စီဂျင်တိုင်းတာစက်ကိုဖွင့်ပြီး သွေးနှင့် အညစ်အကြေးများ ကင်းစင်သော လက်ချောင်းတွင် တပ်ဆင်ရပါမည်။ သို့မဟုတ်ပါက သွေးနှင့် အညစ်အကြေးများက တိုင်းတာမှုကို ပိတ်ဆို့နှောင့်ယှက်နိုင်သောကြောင့် ဖြစ်သည်။ လူနာသည် လက်သည်းတုများ တပ်ဆင်ထားလျှင် သို့မဟုတ် လက်သည်းနီ ဆိုးထားလျှင် acrylic ဆေးသားကို ဖြတ်သန်းတိုင်းတာခြင်း မဖြစ်စေရန် စက်ကို ဘေးတိုက်လှည့်၍ လူ့အသားကို ဖြတ်သန်းတိုင်းတာပါ။ စက်က စက္ကန့်ပိုင်းအတွင်း ဂဏန်းများကို စတင်ပြသမည် ဖြစ်သော်လည်း၊ အောက်ဆီဂျင်ရာခိုင်နှုန်းကို မှတ်တမ်းမတင်မီ တစ်မိနစ်တိတိပြည့်အောင် စောင့်ပြီးမှ စက်ပေါ်ရှိဂဏန်းကို ဖတ်ရှုသင့်ပါသည်။
အအေးမိခြင်းကဲ့သို့သော အကြောင်းရာတစ်ခုခုကြောင့် ခြေလက်အစွန်အဖျားများ (လူနာ၏ လက်မောင်းနှင့် ခြေထောက်များ) သို့ သွေးလည်ပတ်မှုကို ထိခိုက်စေပါက၊ စက်သည် တိကျသော အဖြေကို ရယူနိုင်မည် မဟုတ်ကြောင်း သတိပြုပါ။ ထို့ပြင် လူနာသည် ကာဗွန်မိုနောက်ဆိုက် (CO) အဆိပ်သင့်နေပါက စက်သည် သွေးထဲရှိ CO နှင့် O2 နှစ်ခုလုံးကို အတူတူပင်ဟု မှတ်ယူဖတ်ရှုမည်ဖြစ်သဖြင့် မှားယွင်းသော အဖြေကို ပြသနိုင်ပါသည်။
ပုံမှန် ဆေးလိပ်သောက်သော လူနာအချို့၏ ခန္ဓာကိုယ်သည် ပုံမှန်ဟု သတ်မှတ်ထားသော ပမာဏထက် နိမ့်သော အောက်ဆီဂျင်ရာခိုင်နှုန်းနှင့် နေသားကျနေတတ်ပါသည်။ နောက်တစ်ချက်မှာ ပုံမှန် ကျန်းမာသူများတွင် CO2 ပမာဏက အသက်ရှူခြင်းကို အလိုအလျောက် ဖြစ်ပေါ်စေသော်လည်း၊ အချို့သော COPD (နာတာရှည် အဆုတ်လေပြွန်ပိတ် ရောဂါ) လူနာများတွင်မူ O2 ပမာဏက အသက်ရှူခြင်းကို ထိန်းချုပ်ထားတတ်ကြောင်း သတိရပါ။ ဆိုလိုသည်မှာ O2 ရာခိုင်နှုန်း နည်းနေသော ထိုလူနာမျိုးအား အောက်ဆီဂျင် ပေးလိုက်လျှင် မည်သို့ဖြစ်လာမည်ကို သေချာစွာ စဉ်းစားချင့်ချိန်ရပါမည်။ ကျေးဇူးပြု၍ စက်ပြသော ဂဏန်းကိုသာ ကြည့်ခြင်းမပြုဘဲ လူနာ၏ အခြေအနေကို အကဲဖြတ်ရန် အမြဲသတိရပါ။
အောက်စီဂျင်တိုင်းတာစက်၏ ပုံမှန် အကဲဖြတ်မှု ရာခိုင်နူန်း
| လူနာအခြေအနေ | အောက်ဆီဂျင် ရာခိုင်နှုန်း |
|---|---|
| ပုံမှန် | ၉၅ - ၁၀၀ |
| စိုးရိမ်ဖွယ်ရာ | ၉၁ - ၉၅ |
| အောက်ဆီဂျင် နည်းပါးခြင်း။ | ၈၅ - ၈၉ |
| ဆိုးရွားသော သက်ရောက်မှုများ | ၈၄ - ၆၈ |
| အသားအရေ ပြာနှမ်းခြင်း | ၆၇ သို့မဟုတ် ထို့ထက် နည်းပါးခြင်း |
လက်ရှိဈေးကွက်တွင် စျေးပေါပြီး ချို့ယွင်းချက်များ ရှိတတ်သော pulse oximeter ကိရိယာ အများအပြားကို ရောင်းချနေကြောင်း သတိပြုသင့်ပါသည်။ ပစ္စည်းကိရိယာများ ဝယ်ယူသောအခါ စက်ပစ္စည်း၏ စိတ်ချယုံကြည်ရမှုကို ထည့်သွင်း စဉ်းစားပါ။ မိမိဂျုတီအလုပ်ချိန် စတင်ချိန်တိုင်းတွင် မိမိ၏ စက်ပစ္စည်းများ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ရှိမရှိ စစ်ဆေးပါ။
ဓာတ်ပုံများ ရိုက်ကူးရာတွင် ကူညီပေးခဲ့သော Pitakkarn Rescue အား ကျေးဇူးတင်ရှိပါသည်။ သူရဲကောင်းတစ်ဦး ဖြစ်လာရန်မှာ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။
ကိုးကား
Cleveland Clinic. (2023, March 15). Vital Signs. Retrieved from Cleveland Clinic: my.clevelandclinic.org/health/articles/10881-vital-signs
Contec Medical Systems Co., Ltd. (2019, November). Pulse Oximeter CMS50D2 User Manual. Qinhuangdao: Contec Medical Systems Co., Ltd.
Drake, H. (2022, January 14). Pulse Oximeter Chart Safe Normal Low Blood Oxygen Levels. Retrieved from Nurse Focus: nursefocus.net/pulse-oximeter-chart-safe-normal-low-blood-oxygen-levels/
Limmer, D. O. (2007). Emergency Care 10th Ed. Upper Saddle River, New Jersey: Pearson Education Inc.
Rakhimov, A. (2020, September 10). CO2 Breath Control (Regulation of Respiration): O2 vs. CO2. Retrieved from Normal Breathing: https://www.normalbreathing.com/co2-breath-control/
Sapra A, M. A. (2023, May 1). Vital Sign Assessment. StatPearls.


